KBZMS ၏ မန္တလေးရှိ မင်္ဂလာမန္တလေးရုံးခွဲအား ၂၀၂၆ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့တွင် အောင်မြင်စွာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါသည်။
ရုံးခွဲပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး (ငြိမ်း)၊ မြန်မာနိုင်ငံအာမခံအသင်း ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာမောင်မောင်သိမ်း၊ မန္တလေးတိုင်းဒေသကြီး၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးဒေါ်မြတ်မူ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ၏ ဥက္ကဋ္ဌ ဦးတင်လတ်၊ KBZMS CEO ဦးစိုင်းလူမွန်အောင်တို့မှ တက်ရောက်ချီးမြှင့်ပေးကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည့်အတွက် KBZMS မှ အထူးကျေးဇူးတင်ရှိပါသည်။
ထို့အပြင် ယနေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပေးကြသည့် ကိုယ်စားလှယ်တော်ကြီးများ၊ Customer ကြီးများနှင့် မိတ်ဖက်အဖွဲ့အစည်း ဘဏ်များမှ တာဝန်ရှိသူများအားလုံးကိုလည်း KBZMS မှ လေးနက်စွာ ကျေးဇူးတင်ရှိပါသည်။
ယနေ့ကဲ့သို့ မန္တလေးရုံးခွဲအား ပြန်လည်ဖွင့်လှစ်နိုင်ခြင်း၏ နောက်ကွယ်တွင် KBZMS မန္တလေးရုံးခွဲအနေဖြင့် ၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်နေ့တွင် မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့သည့် ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရပါသည်။ ဝန်ထမ်းများအနေဖြင့်လည်း သဘာဝဘေးအန္တရာယ်၏ ရိုက်ခတ်မှုများကို မိမိတို့၏ ကိုယ်ပိုင်ဘဝများနှင့် လုပ်ငန်းခွင်အတွင်း တစ်ပြိုင်နက်တည်း ကြုံတွေ့ခဲ့ရပါသည်။
သို့ရာတွင် ထိုအခြေအနေများကြားမှပင် မိမိတို့အပေါ် ယုံကြည်စွာ အာမခံထားသည့် Customer များအတွက် အာမခံလျော်ကြေးဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်နိုင်ရန် ဝန်ထမ်းများသည် ယာယီစီစဉ်ထားသော ရုံးမှ လုပ်ငန်းဆောင်ရွက်မှုများကို အဆက်မပြတ် ဆောင်ရွက်ခဲ့ကြပြီး နေ့ရောညပါ အားကြိုးမာန်တက် ကြိုးပမ်းခဲ့ကြပါသည်။
ဝန်ထမ်းများ၏ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် Customer များအပေါ်ထားရှိသည့် ကတိကဝတ်တို့ကြောင့် ယနေ့တွင် KBZMS မန္တလေးရုံးခွဲအား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
KBZMS မန္တလေးရုံးခွဲ ပြန်လည်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် ပုံရိပ်များကိုလည်း မျှဝေပေးလိုက်ရပါသည်။